Jan 15, 2013

ဝက်သားတုတ်ထိုးစားကြမယ်

ဝက်သားတုတ်ထိုးလုပ်နည်း

ဒီတခါတော့သူငယ်ချင်းတွေ၊ဆွေမျိုးတွေဆုံဖြစ်တဲ့အခါ ပျော်ပျော်ပါးပါးလုပ်စားနိုင်တဲ့ ဝက်သားတုတ်ထိုးလုပ်နည်းလေးပြောပြပေးချင်ပါတယ်။ လုပ်ရတာလည်းလွယ်ကူသလို စားရတာလည်းပျော်စရာကောင်းတာမို့ ဝက်သားစားတဲ့သူတိုင်းကြိုက်နှစ်သက်တဲ့  အစားအစာလို့လည်းဆိုနိုင်ပါတယ်။ ကဲချက်ကြည့်ကြရအောင်နော်။

ပါဝင်တဲ့ပစ္စည်းများ
ဝက်<နှစ်သက်ရာအပိုင်းထည့်ပါ>    ၁ကီလို
ကြက်၊ဘဲဥ               ၅လုံး
ဆား                  ၂ဇွန်း
သကြား                ၂ဇွန်း
ပုဇွန်ခြောက်             အနည်းငယ်
နှမ်းဆီ                ၁ဇွန်း
ဟင်းချက်အရက်          အနည်းငယ်
ဂျင်း                 လက်တသစ်
ကြက်သွန်ဖြူ             ၁ဥ
ပဲငံပြာရည်              ၁ဇွန်း
နာနတ်ပွင့်              ၁ပွင့်

ချက်နည်း

  1. ဝက်ကိုရေစင်အောင်ဆေးပြီးအိုးထဲကိုရေတဝက်ခန့်ထည့်ပြီးပွက်အောင်တည်ပါ။ဝက်ပြုပ်တဲ့အိုးထဲကို ဆား၁ဇွန်းနဲ့ဟင်းချက်အရက်ထည့်ပြီး ၁၅မိနစ်လောက်ထားပါ။
  2. ပြီးလျှင်ပြုပ်တဲ့အရေကိုသွန်ပြစ်ပါ။
  3. အိုးသန့်တလုံးထဲကိုနှမ်းဆီ၊သကြား၊နာနတ်ပွင့်၊ပုဇွန်ခြောက် ထည့်ပြီးမီးအေးအေးနဲ့ သကြားညိုရောင်သမ်းအောင်ဆီသက်ပါ။
  4. ဆီသက်တဲ့အိုးထဲကိုဝက်ထည့်ပြီးလုံးပါ။ပဲငံပြာရေပါထည့်ပြီးဝက်ကိုတဘက်ဆီလှန်ပါ။
  5. ပြုပ်မယ့်အိုးထဲကိုလုံးထားတဲ့ဝက်ထည့်၊ကြက်သွန်ဖြူဥကိုအလည်မှထက်ခြမ်းလှီးထည့်၊ဂျင်းထည့်၊ဆား၊သကြားအားလုံးထည့်အဖုန်းအုပ်ကာ မီးအေးအေးနဲ့တည်ပြစ်ထားပါ။
  6. နူးခါနီးရင်ဘဲဥပြုပ်ထည့်ပါ။အရေကိုကြိုက်တဲ့အနေအထားချနိုင်ပါတယ်။အပေါ့အငံကို လိုသလိုမြည်းပြီးရင်တော့ သင့်တော်သလိုလှီးပြီးရင်တော့တုတ်ထိုးပြီးစားနိုင်ပါပြီ။
အချဉ်လုပ်နည်း
< မကျည်းရေ၁ခွက်၊ကျက်သွန်ဖြူ၃မွှာ၊ငရုတ်သီး၅တောင့်၊ငရုတ်ဆီ၃ဇွန်း၊သကြား၁ဇွန်း၊ဆားဇွန်း၁ဝတ်၊ငံပြာရည်၁ဇွန်းကိုblanderနဲ့ထည့်ပြီးကြိတ်ပါ။နံနံပင်ရှိရင်ပါးပါးလှီးထည့်နိုင်ပါတယ်။ဒီအတိုင်းလည်းစားနိုင်သလို၊ကြာကြာအထားခံချင်ရင်မီးပူပူနဲ့ပွက်အောင်တည်ပြီးလည်းစားနိုင်ပါတယ်။>

<အသီးအရွက်ဓာတ်ပါပါချင်ရင်တော့ အားလူးပြုပ်၊ပဲပြားကြော်၊သခွားသီးအစိမ်း၊ရုံးပတေသီးအစိမ်းတို့ကိုလည်း အချဉ်နဲ့တို့စားရင် အအီပြေစေပါတယ်။ အားလုံးပဲအရသာရှိတာလေးတွေစားပြီး ဘဝအမောတွေပြေနိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။>








Nov 7, 2012

ငါးကြော်ပဲဆီပေါင်း

ငါးကြော်ပဲဆီပေါင်း
ဒီဟင်းလေးကတော့ အစပ်လုံးဝမပါတဲ့အချိုဟင်းလေးမို့ ကလေးလေးတွေအတွက်ပါသင့်တော်ပါတယ်။ ပဲငံပြာရည်အချိုနဲ့ပေါင်းထားတာမို့ မွေးမွေးလေးနဲ့ခံတွင်းတွေ့နိုင်တဲ့ဟင်းတခွက် ဆိုလည်းမှားမယ်မထင်ပါဘူး။

ပါဝင်တဲ့ပစ္စည်းတွေက
ငါး                   ၅၀၀ဂရမ်
ကြက်သွန်နီကြီး      ၁လုံး
ဂျင်း                 အနည်းငယ်
ဆီ                 ဇွန်းကြီး၂ဇွန်း
ဆား               ဇွန်းသေး၁ဝက်
အချိုမှုန့်            ဇွန်းသေး၁ဝက်
ပဲငံပြာရည်အချို    ဇွန်းသေး၁ဇွန်း
ပဲငံပြာရည်အငံ      ဇွန်းသေး၁ဇွန်း
နံနံပင်               အနည်းငယ်

ကြိုပြင်ထားရန်

  • ငါးကိုမထူမပါးကွင်းပြီး ဆား၊အချိုမှုန့်၊နနွင်း တို့နဲ့နယ်ပြီး ၁၅မိနစ်အကြာမှာ ဆီမြှုပ်အောင်ထည့်ကာ အကြွပ်ကြော်ထားပါ။
  • ကြက်သွန်နီကိုကန့်လန့်ဖြတ် အထူလှီးထားပါ။
  • ဂျင်း ကိုနုပ်နုပ်လှီးပါ။
ဟင်းချက်နည်း
  1. ကြော်မယ့်အိုးထဲဆီထည့်ပြီး ဂျင်းနဲ့ကြက်သွန်နီထည့်ကြော်ပါ။
  2. နွမ်းလာပြီဆီရင်ကြော်ထားတဲ့ငါးကိုထည့်ပြီးပဲငံပြာရည်အချိုနဲ့အငံကိုထည့်ကာ သမအောင်မွေ နံနံပင်ခက်ပြီးရင်တော့ ငါးကြော်ပဲဆီပေါင်း ချိုချိုလေးတခွက်ကျက်ပြီပေါ့။
မှက်ချက်။    ။ အစပ်စားချင်ရင်တော့ ချခါနီးမှာ ငရုပ်သီးစိမ်းခတ်ပြီး စားနိုင်ပါတယ်။ ဟင်းခါးပူပူလေးနဲ့                              ဆိုသင့်တော်ပါတယ်။

Nov 2, 2012

ငါးကလေးအိုးကပ်

တခါတလေအသားတွေစားရတာညည်းငွေ့လာရင် ရိုးရှင်းတဲ့ငါးဟင်းမျိုးကိုတောင့်တတက်ပါတယ်။ ဒီတခေါက်မှာတော့ အိမ်ရှင်မတွေအတွက်ဈေးသက်သာပြီးကယ်လိုရီလည်းမများတဲ့ ငါးကလေးအိုးကပ် ချက်နည်းလေးပြောပြပေးလိုက်ရပါတယ်။ငါးကတော့ ဂျပန်မှာ わらさwarasa လို့ခေါ်တဲ့ငါးမျိုးကိုသုံးပြီး ချက်ထားတာပါ။ အမျိုးသားတွေအတွက်ဆိုရင်တော့ ယမကာနဲ့လိုက်တဲ့အမြည်းတခွက်အဖြစ်လည်း သုံးဆောင်နိုင်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေက
ငါးအသေး       ၂၀၀ဂရမ်
ခရမ်းချဉ်သီး      ၁လုံး
ကြက်သွန်နီကြီး     ၁ခြမ်း
ကြက်သွန်ဖြူ      ၂မွှာ
ဆီ           ဇွန်းကြီး၃ဇွန်း
ဆား          ဇွန်းသေး၁ဝက်
ဟင်းချိုမှုန်       ဇွန်းသေး၁ဝက်
ငံပြာရည်        ဇွန်းသေး၁ဇွန်း
နံနံပင်          အနည်းငယ်
သံပုရာသီး       ၁စိတ်
အရောင်တင်      ဇွန်းသေး၁ဇွန်း
နနွင်း          အနည်းငယ်

ကြိုပြင်ထားရန်
  • ငါးကိုခေါင်းဖြုတ်အူထုတ်ပြီးရေစင်အောင်ဆေးပြီးလျှင် ဆား၊နနွင်း၊ဟင်းချိုမှုန်တို့နဲ့နယ်ထားပါ။
  • ကြက်သွန်ဖြူ၊နီ၊ခရမ်းချဉ်သီးပါးပါးလှီးထားပါ၊

ဟင်းချက်နည်း
  1. ချက်မယ့်အိုးထဲကိုနယ်ထားတဲ့ငါး၊ ကြက်သွန်ဖြူ၊နီ၊ခရမ်းချဉ်သီး၊အရောင်တင်မှုန်တို့ကို အားလုံးရောထည့်ပြီးတည်ပါ။
  2. အစပိုင်းကို မီးပြင်းနဲ့တည်ပြီးရေကုန်စပြုရင် ရေအကြမ်းပုကန်၁ဝက်လောက်ထည့်ကာ မီးအေးအေးနဲ့အဖုန်းအုပ်ပြီးတည်ပါ။
  3. ရေကုန်သွားပြီဆိုအပေါ့အငံလိုသလိုမြည်းကာ နံနံပင်၊ငရုတ်သီးစိမ်းခတ်ပြီးချလို့ရပါပြီ။
  4. ချက်နေတုန်းမှာသတိထားရမှာက မမွေမိဘို့ပါပဲ။ ကပ်မှာဆိုးရင်အိုးကိုလှုပ်ပေးရင် ရပါပြီ။
မှတ်ချက်။   ။ငါးအိုးကပ်ဟင်းလေးကို ပဲနီလေးကြာဇံ ဟင်းချို၊ငပိရည်တို့စရာတို့နဲ့ တွဲဖက်စားရင်အလွန်            လိုက်ဖက်ကြောင်း အကြံပြုလိုက်ရပါတယ်။

Oct 30, 2012

စမြိတ်ရွက်မွေးမွေးလေးနဲ့ခရမ်းချဉ်သီးငါးခြောက်ချက်

အညာစတိုင်ငါးခြောက်ချက်

ဒီဟင်းလေးကတော့ ငါး၊ငါးခြောက်ရှားပါးတဲ့အထက်အညာဘက်ရဲ့ ဇာတ်လိုက်ဟင်းတခွက်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ပဲရေပွကြော်၊ပဲဟင်းချိုတို့နဲ့တွဲစားမယ်ဆို အလွန်ဟင်းစပ်တဲ့ပါလိမ့်မယ်။ ယိုးဒယားကုန်စုံဆိုင်မှာရှားရှားပါးပါး စမြိတ်ရွက်လေးတွေ့တာနဲ့ အမေအမြဲချက်တဲ့အညာငါးခြောက်ဟင်းလေး သတိရပြီး ချက်စားဖြစ်ရင်း ချက်နည်းလေးပြောပြပေးလိုက်ရပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေက
ငါးခြောက်    ၂မြှောင်း
ခရမ်းချဉ်သီး   ၂လုံး
ကြက်သွန်ဖြူ   ၂မွှာ
ကြက်သွန်နီကြီး  ၁ခြမ်း
ဆီ         ၄ဇွန်း
အရောင်တင်မှုန်  ဇွန်းကြီး၁ဇွန်း
ငရုပ်သီးစိမ်း    ၅တောင့်
ဆား         ဇွန်း၁ဝက်
ငံပြာရည်       ဇွန်းသေး၁ဇွန်း
အချိုမှုန်       ဇွန်းသေး၁ဝက်
စမြိတ်ရွက်      အနည်းငယ်

ဟင်းချက်နည်း
  1. ငါးခြောက်ကိုရေစိန်ပြီး ၁လက်မတုန်းလေးတွေတုန်းထားပါ။
  2. ချက်မယ့်အိုးထဲကိုဆီထည့် နုပ်နုပ်စင်းထားတဲ့ကြက်သွန်ဖြူ၊နီ၊ခရမ်းချဉ်သီးတို့ကိုနွမ်းလာအောင်လုံးပါ။ ရေကုန်ရင်အရောင်တင်ထည့်မွေပြီး ရေနည်းနည်းခြင်း ထပ်ထည့်ကာအနှစ်ကြေတဲ့အထိလုံးပါ။
  3. အနှစ်ကြေပါကငါးခြောက်ထည့်လုံးကာစိန်ထားတဲ့ရေဖြည့်ကာထပ်တည်ပေးပါ။
  4. ငါးခြောက်နူးလာပြီးရေစိတ်ကြိုက်အနေအထားမှာ ဆား၊အချိုမှုန်၊ငံပြာရည်ထည့်အပေါ့အငံမြည်းပါ။အရမ်းငံတဲ့ငါးခြောက်မျိုးဆိုရင်အရင်မြည်းပြီး လိုမှဆားထည့်ပေးပါ။
  5. ချခါနီးမှာ ငရုပ်သီးစိမ်းခတ်၊ပြီးမီးပိတ်ပြီးရင် စမြိတ်ရွက်အုပ်ကာသုံးဆောင်နိုင်ပါပြီ။




မုန်လာဥသနပ်လုပ်စားကြမယ်

လူတယောက်ဟာ တနေ့ကိုပုံမှန်အားဖြင့်အသီးအရွက်ကို ၃၅၀ဂရမ်စားပေးဖို့လိုအပ်ပါတယ်။ အသီးအရွက်ကိုပြုပ်၍ဖြင့်စေ၊သုပ်၍ဖြင့်စေ၊အစိမ်းအတိုင်းဖြင့်စေမိမိနှစ်သက်ရာပုံစံဖြင့်စားနိုင်ပါတယ်။ ဒီတခေါက်မှာတော့အပြောင်းအလည်းလေးဖြစ်ရအောင် မုန်လာဥသနပ်ပြုလုပ်နည်းလေးပြောပြပေးလိုက်ရပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

မုန်လာဥကြီး ၁ပိုင်း
ဆီ      ၃ဇွန်း
ကြက်သွန်နီဥကြီး ၁ဝက်
နှမ်း       ၁ဇွန်း
ဆား      ၁ဇွန်း
လျှာလကာရည် ဇွန်းကြီး၃ဇွန်း
နနွင်း      ဇွန်းသေး၁ဇွန်း
ပြုပ်မည့်ရေ    ၁လီတာ

ပြုလုပ်နည်း
  1. မုန်လာဥကိုပါးပါးအချောင်းလေးတွေဖြစ်အောင်လှီးပြီး၊ပွက်ပွက်ဆူတဲ့အိုးထဲကို ဆား၊နနွင်း၊လျှာလကာရည်ထည့်ကာမုန်လာဥများကို၅မိနစ်ခန့်ထည့်ပြုပ်ပါ။
  2. ပြီးလျှင်ရေစစ်ထားပြီး၊ရေစင်အောင်ညစ်ပြစ်ပါ။
  3. အိုးထဲဆီထည့်ပြီးကြက်သွန်နီပါးပါးလှီးကာ နီညိုရောင်သမ်းတဲ့အထိကြော်ပြီးဆီစစ်ပြီးဆယ်ထားပါ။
  4. နှမ်းကို၁မိနစ်လောက်မွေးအောင်လှော်ထားပါ။
  5. နယ်မယ့်ဇလုံထဲကိုမုန်လာဥ၊ဆီချက်၊နှမ်းထည့်ကာသမအောင်မွေပြီးပါကအပေါ်မှ ကြက်သွန်နီကြော် ဖြူးပြီးရင်စားလို့ရပါပြီ။
မှတ်ချက်။  ။အချဉ်ပိုကဲပြီးစားချင်ရင်တော့နယ်တဲ့အခါ လျှာလကာရည်ထပ်ထည့်နိုင်ပါတယ်။ ပဲဟင်းအချို၊ငါးခြောက်ကြော် တို့နဲ့တွဲဖက်စားရင်တော့ ဟင်းစပ်အလွန်တည့်ပါလိမ့်မယ်။ အားလုံးပဲ ခံတွင်းမိန်မိန် စားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
 


Oct 23, 2012

ဆီချက်ခေါက်ဆွဲ


ဒီတခေါက်တော့စားချင်တဲ့အချိန်မှာအလွယ်တကူလုပ်စားနိုင်တဲ့ဆီချက်ခေါက်ဆွဲလုပ်နည်းလေပြောပြပေးချင်ပါတယ်။အိမ်မှာခေါက်ဆွဲနဲ့ကြက်သားဒါမှမဟုတ်ဝက်သားရှိရင်လုပ်စာနိုင်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေက
ခေါက်ဆွဲ ၆၀၀ဂရမ်         ကြက်<သို့>ဝက် ၃၀၀ဂရမ်၊
ဂျင်း လက်တသစ်          ကြက်သွန်ဖြူ ၁ ဥ
ဆား အနည်းငယ်           သကြား အနည်းငယ်
ပဲငံပြာရည်နောက် အနည်းငယ်    ဆီ ဇွန်းကြီး ၅ဇွန်း
ကြက်သွန်မြိတ် အနည်းငယ်     သခွားသီး ၁လုံး
ငရုတ်သီးစိမ်း ၂တောင့်       သံပုရာသီး ၁လုံး
ငရုပ်ကောင်း  အနည်းငယ်

ကြိုတင်ပြင်ဆင်ထားရန်

  • ကြက်သားကို ဂျင်း၊ကြက်သွန်ဖြူ၂မွှာထုပြီး၊ဆား၁ဇွန်းငရုပ်ကောင်းဇွန်း၁ဝက်ထည့်ကာ အိုးထဲရေတဝက်ခန့်ထည့်ပြီး မိနစ်၂၀ခန့်တည်ပါ။ 
  • ကျက်ပါကအတုန်းသေးလေးတွေတုန်းထားပါ။ 
  • အချဉ်အတွက် သခွားသီး၊ငရုပ်သီးစိမ်းတို့ကို ပါးပါးလှီးပြီး ဆား၊သံပုရာသီးညှစ်ပြီးပြင်ထားပါ။
  •  ကြက်သွန်ဖြူ၅မွှာခန့်ကိုပါးပါးလှီးပြီး ဆီချက်မယ့်အိုးထဲဆီထဲ့ကာ မီးအေးအေးနဲ့ ဝါလာတဲ့အထိချက်ပေးပါ။
 ပြုလုပ်နည်း 

  1. ခေါက်ဆွဲ ၂၀၀ဂရမ် ၁ထုပ်(တယောက်စာ)ကိုရေပွက်ပွက်ဆူမှာ ၂မိနစ်လောက်ပြုပ်ပြီး ရေစစ်ပါ။
  2. နယ်မယ့်ဇလုံထဲကိုဆီချက် ၁ဇွန်း ဆား ဇွန်းသေး ၁ဝက်၊သကြား နည်းနည်း၊ပဲငံပြာရည်အနောက် ဇွန်းသေး၁ဝက်ကိုထည့်ပြီး ပြုပ်ထားတဲ့ခေါက်ဆွဲကို ထည့်ကာတူနဲ့သမအောင် မွေပါ။
  3. ပြီးလျှင်စားမယ့်ပုကန်ထဲထည့်ပြင်ပြီးအပေါ်မှ ကြက်သားနဲ့ကြက်သွန်မြိတ်ကိုတင်ပါ။ နှစ်သက်ပါကငရုပ်ကောင်းဖြူးပြီးသုံးဆောင်နိုင်ပါပြီ။
  4. ဟင်းချိုအပေါ့အငံမြည်းပြီးကြက်သွန်မြိတ်ခတ်ကာအချဉ်ပွဲပြင်ပြီးရင်တော့ စားလို့အဆင်သစ်ဖြစ်ပြီပေါ့။ 

မှတ်ချက်။ ။ဆိုင်အရသာနဲ့တူချင်ရင်တော့ ဆီချက်တဲ့အခါ ဝက်အဆီကိုရောပြီးချက်နိုင်ပါတယ်။ 

Sep 15, 2012

သီးစုံကုလားဟင်း


တကယ်တော့ အရံဟင်းတခွက်တကယ်ကောင်းရင် အသားဟင်းဟင်းမပါရင်တောင် ထမင်းစားမိန်စေပါတယ်။ ကျမကအသီးအရွက် အရမ်းကြိုက်သူမို့ သီးစုံဟင်းလေးပါရင်ကိုနတ်သုတ်ဓာပါပဲ။ အိမ်မှာသီးစုံကုလားဟင်း ချက်တဲ့နေ့ဆို ဘာလချောင်ကြော်နဲ့ကြက်ဥကြက်သွန်နီမွေကြော်ပဲလုပ်ပေးလိုက်ပါတယ်။  ကဲ သီးစုံဟင်းလေးချက်ကြည့်လိုက်ကြရအောင်နော်။

 ပါဝင်တဲ့ပစ္စည်း
ကုလားပဲ ၁၀၀ဂရမ်                ငါးခြောက် ၁မြောင်း
ဒန့်သလွန်သီး ၃တောင့်             ဘူးသီး ၁စိတ်
ခရမ်းသီး ၂လုံး ပဲသီး ၁စီး           မုန်လာဥဖြူသေး ၂လုံး
အာလူး ၃လုံး                        ဆား ဇွန်းကြီး၁ဇွန်း
ငံပြာရည် ဇွန်းကြီး၁ဇွန်း              ဟင်းချိုမှုန် ဇွန်းသေး၁ဇွန်း
မဆလာ ဇွန်းသေး၁ဇွန်း               နနွင်း ဇွန်းသေး၁ဝက်
ငရုပ်အရောင်တင် ဇွန်းသေး၁ဇွန်း      ကရဝေးရွက် ၂ရွက်
ပျဉ်းတော်သိမ် ၁၀ရွက်                ဆီ ဇွန်းကြီး ၃ဇွန်း
ဂျင်း လက်တသစ်                    ကြက်သွန်ဖြူ ၂မွှာ
မကျည်းမှည့် အနည်းငယ်

ဟင်းချက်နည်း

  • ပဲကိုတညရေစိမ်ပြီးနူးအောင်ပြုပ်ပါ။ 
  • အသီးအနှံများကို အရွယ်တော်လှီး ပါ။ 
  • မကျည်းမှည့် အရေဖျော်ထားပါ။ 
  • အိုးထဲကို ဆီထဲ့ပြီးပါ ကရဝေးရွက်၊ဂျင်း၊ကြက်သွန်ဖြူ ထောင်းထားတာကို ထည့်ပြီး မီးအေးအေးနဲ့ဆီသက်ပါ။ 
  • ပြီးပါက နနွင်း၊အရောင်တင်ထည့်ပြီးလျှင် ငါးခြောက်နဲ့ မနူးလွယ်တဲ့ အသီးနှံများထည့်လုံးပါ။ 
  • အတော်အသင့်နွမ်းလာပါကပဲထဲ့ ရေ ၃ဖန်ခွက်လောက်ထဲ့ပြီးပွက်ပွက်ဆူအောင်တည်ပါ။ 
  • အသီးနှံများနူးခါနီးပြီဆိုရင် ချန်ထားတဲ့ အသီးကိုထပ်ထဲ့ပြီး အားလုံးနူးပြီးရေအနေတော်ဖြစ်ပါက ဆား၊ငံပြာရည်၊ ဟင်းချိုမှုန်၊မကျည်းရေ ထည့်၊အပေါ့အငံစိတ်ကြိုက်ရပါက ပျဉ်းတော်သိမ်နဲ့မဆလာ ခတ်ပြီး သုံးဆောင်နိုင်ပါပြီ။
 မှတ်ချက်။ ။ အသီးအနှံကို ကြိုက်တဲ့အသီးအနှံထပ်ထဲ့နိုင်ပါတယ်။
             အလွယ်ပြောရရင် အိမ်မှာဟိုနည်းနည်းဒီနည်းနည်း ကျန်တာလေးတွေလည်းထဲ့ချက်နိုင်ပါတယ်။
             သီးစုံကုလားဟင်းကို ဘာလချောင်ကြော်၊ငပိကြော် တို့နဲ့တွဲစားရင်ပိုခံတွင်းတွေ့စေပါတယ်။