ဒီနေ့တော့ရုံးပိတ်ရက်လည်းဖြစ် ရာသီဥတုကလဲအေးဆိုတော့ မချက်တာကြားပြီဖြစ်တဲ့အုန်းနို့ခေါက်ဆွဲလေး ချက်စားဖြစ်ခဲ့ပါတယ်။ ပူလွန်းတဲ့အချိန်မှာစားရင် အခန့်မသင့်တဲ့အခါ ခေါင်းမူးတက်တာမို့ အသက်ကိုညဏ်စောင့်ဆိုတဲ့ ရှေးထုံးကိုတော့ လိုက်နာသင့်တယ်မဟုတ်ပါလား။
သွေးတိုးရှိရင်တော့ ပိုဆင်ခြင်သင့်တာပေါ့ရှင်။ စားချင်ရင်တောင် အရေနည်းနည်းကို ကြက်သွန်နီများများ၊ရှောက်သီးချဉ်ချဉ် ညစ်စားတာမျိုးစားတော့ အာသာလည်းပြေသလို ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ပြီးသားဖြစ်သွားတာပေါ့။ ကဲ အုန်းနို့ခေါက်ဆွဲ လေးချက်ကြည့်လိုက်ကြရအောင်နော်။
ပါဝင်တဲ့ပစ္စည်းများ(၁၅ပွဲစာ)
ကြက်သား | အကောင်သေးသေးတကောင် |
ခေါက်ဆွဲ | ၁ပိဿာ |
အုန်းနို့ | သံဘူးတဘူး(ready made) |
နို့စိမ်း | ၁လုံး |
သကြား | ၃ဇွန်း |
ဆီ | ၄ဇွန်း |
ငံပြာရည် | အနည်းငယ် |
ပဲမှုန့်စိမ်း | ၁၀သား |
ကြက်သွန်နီ | ဥကြီး ၂လုံး |
ဂျင်း | လက်တသစ် |
ကြက်သွန်ဖြူ | ၂မွှာ |
ငရုပ်စိမ်းမှုန့် | ၂ဇွန်း |
နနွမ်း | အနည်းငယ် |
ဘဲဥ | ၅လုံး |
အကျွတ်ကြော် | အနည်းငယ် |
ပဲကြော် | ၁၅ခု |
ချက်နည်း
- ကြက်ကိုရေဆေးပြီး ဂျင်းကြက်သွန်ဖြူဓားပြားရိုက်ပြီးဆား၊အချိုမှုန့်၊နနွမ်း၊ငံပြာရည် ထဲ့ကာ ရေတဝက်ခန့်အိုးထဲထဲ့ပြီး ပြုပ်ပါ။ဘဲဥပါပြုပ်ထားပါ။
- ကျက်လာလျှင်အအေးခံပြီး အသားမွထားပါ။အရိုးကိုဆက်ပြုပ်ထားပါ။
- ဒယ်အိုးထဲဆီထဲ့ပြီး ပူလာပါက ထောင်းထားတဲ့ကြက်သွန်ဖြူ၊ဂျင်း ကိုမွေးလာသည်အထိဆီသက်ပါ။ ပြီးလျှင်အစိမ်းမှုန့် ထဲ့မွေပြီးမွထားတဲ့ကြက်ကိုထဲ့ပြီးဆီသက်ပါ။ ရေကုန်ပြီးမွေးလာလျှင်ချထားပါ။
- ပဲမှုန့်အစိမ်းကိုရေဇလုံးထဲထဲ့ပြီး အခဲမကျန်အောင် ဖျော်ပြီး ဟင်းရေအိုးထဲလောင်းထဲ့ပါ။ ပဲမှုန့်ထဲ့ပြီးပါကမပြတ်မွေပေးဖို့လိုပါတယ်။ ပွက်ပါကလျံကျ တက်ပါတယ်။
- ပွက်လာလျှင် ဆီသက်ထားတဲ့ကြက်ကိုထဲ့၊ အုန်းနို့၊နို့စိမ်းပါထဲ့ပြီး ရေကိုအိုး၄ပုံ၃ပုံလောက်ထဲ့တည်ပါ။ (ဘဲသွေးကြိုက်ရင်ထဲ့နိုင်ပါတယ်)
- နာရီဝက်လောက်မီး အလယ်အလတ်လောက်နဲ့တည်ပြီးပါက ဆား၊သကြား၊အချိုမှုန့် အပေါ့အငံလို သလို ပြုပြင်ကာ မီးအေးအေးနဲ့၁၅မိနစ်ခန့်ဆက်တည်ပြီး ချခါနီးမှာဘဲဥကိုပါးပါးလှီးထဲ့ပြီးပါက ဟင်းရေကျက်ပါပြီ။
- ကြက်သွန်စိမ်းကိုပါးပါးလှီးပြီးရေစိန်ထားပါ။စားမယ့်ပန်းကန်ထဲခေါက်ဆွဲထဲ့ ကာစားချင်တာတွေအားလုံးထဲ့ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီရှင်။
No comments:
Post a Comment