Oct 30, 2012

စမြိတ်ရွက်မွေးမွေးလေးနဲ့ခရမ်းချဉ်သီးငါးခြောက်ချက်

အညာစတိုင်ငါးခြောက်ချက်

ဒီဟင်းလေးကတော့ ငါး၊ငါးခြောက်ရှားပါးတဲ့အထက်အညာဘက်ရဲ့ ဇာတ်လိုက်ဟင်းတခွက်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ပဲရေပွကြော်၊ပဲဟင်းချိုတို့နဲ့တွဲစားမယ်ဆို အလွန်ဟင်းစပ်တဲ့ပါလိမ့်မယ်။ ယိုးဒယားကုန်စုံဆိုင်မှာရှားရှားပါးပါး စမြိတ်ရွက်လေးတွေ့တာနဲ့ အမေအမြဲချက်တဲ့အညာငါးခြောက်ဟင်းလေး သတိရပြီး ချက်စားဖြစ်ရင်း ချက်နည်းလေးပြောပြပေးလိုက်ရပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေက
ငါးခြောက်    ၂မြှောင်း
ခရမ်းချဉ်သီး   ၂လုံး
ကြက်သွန်ဖြူ   ၂မွှာ
ကြက်သွန်နီကြီး  ၁ခြမ်း
ဆီ         ၄ဇွန်း
အရောင်တင်မှုန်  ဇွန်းကြီး၁ဇွန်း
ငရုပ်သီးစိမ်း    ၅တောင့်
ဆား         ဇွန်း၁ဝက်
ငံပြာရည်       ဇွန်းသေး၁ဇွန်း
အချိုမှုန်       ဇွန်းသေး၁ဝက်
စမြိတ်ရွက်      အနည်းငယ်

ဟင်းချက်နည်း
  1. ငါးခြောက်ကိုရေစိန်ပြီး ၁လက်မတုန်းလေးတွေတုန်းထားပါ။
  2. ချက်မယ့်အိုးထဲကိုဆီထည့် နုပ်နုပ်စင်းထားတဲ့ကြက်သွန်ဖြူ၊နီ၊ခရမ်းချဉ်သီးတို့ကိုနွမ်းလာအောင်လုံးပါ။ ရေကုန်ရင်အရောင်တင်ထည့်မွေပြီး ရေနည်းနည်းခြင်း ထပ်ထည့်ကာအနှစ်ကြေတဲ့အထိလုံးပါ။
  3. အနှစ်ကြေပါကငါးခြောက်ထည့်လုံးကာစိန်ထားတဲ့ရေဖြည့်ကာထပ်တည်ပေးပါ။
  4. ငါးခြောက်နူးလာပြီးရေစိတ်ကြိုက်အနေအထားမှာ ဆား၊အချိုမှုန်၊ငံပြာရည်ထည့်အပေါ့အငံမြည်းပါ။အရမ်းငံတဲ့ငါးခြောက်မျိုးဆိုရင်အရင်မြည်းပြီး လိုမှဆားထည့်ပေးပါ။
  5. ချခါနီးမှာ ငရုပ်သီးစိမ်းခတ်၊ပြီးမီးပိတ်ပြီးရင် စမြိတ်ရွက်အုပ်ကာသုံးဆောင်နိုင်ပါပြီ။




မုန်လာဥသနပ်လုပ်စားကြမယ်

လူတယောက်ဟာ တနေ့ကိုပုံမှန်အားဖြင့်အသီးအရွက်ကို ၃၅၀ဂရမ်စားပေးဖို့လိုအပ်ပါတယ်။ အသီးအရွက်ကိုပြုပ်၍ဖြင့်စေ၊သုပ်၍ဖြင့်စေ၊အစိမ်းအတိုင်းဖြင့်စေမိမိနှစ်သက်ရာပုံစံဖြင့်စားနိုင်ပါတယ်။ ဒီတခေါက်မှာတော့အပြောင်းအလည်းလေးဖြစ်ရအောင် မုန်လာဥသနပ်ပြုလုပ်နည်းလေးပြောပြပေးလိုက်ရပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

မုန်လာဥကြီး ၁ပိုင်း
ဆီ      ၃ဇွန်း
ကြက်သွန်နီဥကြီး ၁ဝက်
နှမ်း       ၁ဇွန်း
ဆား      ၁ဇွန်း
လျှာလကာရည် ဇွန်းကြီး၃ဇွန်း
နနွင်း      ဇွန်းသေး၁ဇွန်း
ပြုပ်မည့်ရေ    ၁လီတာ

ပြုလုပ်နည်း
  1. မုန်လာဥကိုပါးပါးအချောင်းလေးတွေဖြစ်အောင်လှီးပြီး၊ပွက်ပွက်ဆူတဲ့အိုးထဲကို ဆား၊နနွင်း၊လျှာလကာရည်ထည့်ကာမုန်လာဥများကို၅မိနစ်ခန့်ထည့်ပြုပ်ပါ။
  2. ပြီးလျှင်ရေစစ်ထားပြီး၊ရေစင်အောင်ညစ်ပြစ်ပါ။
  3. အိုးထဲဆီထည့်ပြီးကြက်သွန်နီပါးပါးလှီးကာ နီညိုရောင်သမ်းတဲ့အထိကြော်ပြီးဆီစစ်ပြီးဆယ်ထားပါ။
  4. နှမ်းကို၁မိနစ်လောက်မွေးအောင်လှော်ထားပါ။
  5. နယ်မယ့်ဇလုံထဲကိုမုန်လာဥ၊ဆီချက်၊နှမ်းထည့်ကာသမအောင်မွေပြီးပါကအပေါ်မှ ကြက်သွန်နီကြော် ဖြူးပြီးရင်စားလို့ရပါပြီ။
မှတ်ချက်။  ။အချဉ်ပိုကဲပြီးစားချင်ရင်တော့နယ်တဲ့အခါ လျှာလကာရည်ထပ်ထည့်နိုင်ပါတယ်။ ပဲဟင်းအချို၊ငါးခြောက်ကြော် တို့နဲ့တွဲဖက်စားရင်တော့ ဟင်းစပ်အလွန်တည့်ပါလိမ့်မယ်။ အားလုံးပဲ ခံတွင်းမိန်မိန် စားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
 


Oct 23, 2012

ဆီချက်ခေါက်ဆွဲ


ဒီတခေါက်တော့စားချင်တဲ့အချိန်မှာအလွယ်တကူလုပ်စားနိုင်တဲ့ဆီချက်ခေါက်ဆွဲလုပ်နည်းလေပြောပြပေးချင်ပါတယ်။အိမ်မှာခေါက်ဆွဲနဲ့ကြက်သားဒါမှမဟုတ်ဝက်သားရှိရင်လုပ်စာနိုင်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေက
ခေါက်ဆွဲ ၆၀၀ဂရမ်         ကြက်<သို့>ဝက် ၃၀၀ဂရမ်၊
ဂျင်း လက်တသစ်          ကြက်သွန်ဖြူ ၁ ဥ
ဆား အနည်းငယ်           သကြား အနည်းငယ်
ပဲငံပြာရည်နောက် အနည်းငယ်    ဆီ ဇွန်းကြီး ၅ဇွန်း
ကြက်သွန်မြိတ် အနည်းငယ်     သခွားသီး ၁လုံး
ငရုတ်သီးစိမ်း ၂တောင့်       သံပုရာသီး ၁လုံး
ငရုပ်ကောင်း  အနည်းငယ်

ကြိုတင်ပြင်ဆင်ထားရန်

  • ကြက်သားကို ဂျင်း၊ကြက်သွန်ဖြူ၂မွှာထုပြီး၊ဆား၁ဇွန်းငရုပ်ကောင်းဇွန်း၁ဝက်ထည့်ကာ အိုးထဲရေတဝက်ခန့်ထည့်ပြီး မိနစ်၂၀ခန့်တည်ပါ။ 
  • ကျက်ပါကအတုန်းသေးလေးတွေတုန်းထားပါ။ 
  • အချဉ်အတွက် သခွားသီး၊ငရုပ်သီးစိမ်းတို့ကို ပါးပါးလှီးပြီး ဆား၊သံပုရာသီးညှစ်ပြီးပြင်ထားပါ။
  •  ကြက်သွန်ဖြူ၅မွှာခန့်ကိုပါးပါးလှီးပြီး ဆီချက်မယ့်အိုးထဲဆီထဲ့ကာ မီးအေးအေးနဲ့ ဝါလာတဲ့အထိချက်ပေးပါ။
 ပြုလုပ်နည်း 

  1. ခေါက်ဆွဲ ၂၀၀ဂရမ် ၁ထုပ်(တယောက်စာ)ကိုရေပွက်ပွက်ဆူမှာ ၂မိနစ်လောက်ပြုပ်ပြီး ရေစစ်ပါ။
  2. နယ်မယ့်ဇလုံထဲကိုဆီချက် ၁ဇွန်း ဆား ဇွန်းသေး ၁ဝက်၊သကြား နည်းနည်း၊ပဲငံပြာရည်အနောက် ဇွန်းသေး၁ဝက်ကိုထည့်ပြီး ပြုပ်ထားတဲ့ခေါက်ဆွဲကို ထည့်ကာတူနဲ့သမအောင် မွေပါ။
  3. ပြီးလျှင်စားမယ့်ပုကန်ထဲထည့်ပြင်ပြီးအပေါ်မှ ကြက်သားနဲ့ကြက်သွန်မြိတ်ကိုတင်ပါ။ နှစ်သက်ပါကငရုပ်ကောင်းဖြူးပြီးသုံးဆောင်နိုင်ပါပြီ။
  4. ဟင်းချိုအပေါ့အငံမြည်းပြီးကြက်သွန်မြိတ်ခတ်ကာအချဉ်ပွဲပြင်ပြီးရင်တော့ စားလို့အဆင်သစ်ဖြစ်ပြီပေါ့။ 

မှတ်ချက်။ ။ဆိုင်အရသာနဲ့တူချင်ရင်တော့ ဆီချက်တဲ့အခါ ဝက်အဆီကိုရောပြီးချက်နိုင်ပါတယ်။ 

Sep 15, 2012

သီးစုံကုလားဟင်း


တကယ်တော့ အရံဟင်းတခွက်တကယ်ကောင်းရင် အသားဟင်းဟင်းမပါရင်တောင် ထမင်းစားမိန်စေပါတယ်။ ကျမကအသီးအရွက် အရမ်းကြိုက်သူမို့ သီးစုံဟင်းလေးပါရင်ကိုနတ်သုတ်ဓာပါပဲ။ အိမ်မှာသီးစုံကုလားဟင်း ချက်တဲ့နေ့ဆို ဘာလချောင်ကြော်နဲ့ကြက်ဥကြက်သွန်နီမွေကြော်ပဲလုပ်ပေးလိုက်ပါတယ်။  ကဲ သီးစုံဟင်းလေးချက်ကြည့်လိုက်ကြရအောင်နော်။

 ပါဝင်တဲ့ပစ္စည်း
ကုလားပဲ ၁၀၀ဂရမ်                ငါးခြောက် ၁မြောင်း
ဒန့်သလွန်သီး ၃တောင့်             ဘူးသီး ၁စိတ်
ခရမ်းသီး ၂လုံး ပဲသီး ၁စီး           မုန်လာဥဖြူသေး ၂လုံး
အာလူး ၃လုံး                        ဆား ဇွန်းကြီး၁ဇွန်း
ငံပြာရည် ဇွန်းကြီး၁ဇွန်း              ဟင်းချိုမှုန် ဇွန်းသေး၁ဇွန်း
မဆလာ ဇွန်းသေး၁ဇွန်း               နနွင်း ဇွန်းသေး၁ဝက်
ငရုပ်အရောင်တင် ဇွန်းသေး၁ဇွန်း      ကရဝေးရွက် ၂ရွက်
ပျဉ်းတော်သိမ် ၁၀ရွက်                ဆီ ဇွန်းကြီး ၃ဇွန်း
ဂျင်း လက်တသစ်                    ကြက်သွန်ဖြူ ၂မွှာ
မကျည်းမှည့် အနည်းငယ်

ဟင်းချက်နည်း

  • ပဲကိုတညရေစိမ်ပြီးနူးအောင်ပြုပ်ပါ။ 
  • အသီးအနှံများကို အရွယ်တော်လှီး ပါ။ 
  • မကျည်းမှည့် အရေဖျော်ထားပါ။ 
  • အိုးထဲကို ဆီထဲ့ပြီးပါ ကရဝေးရွက်၊ဂျင်း၊ကြက်သွန်ဖြူ ထောင်းထားတာကို ထည့်ပြီး မီးအေးအေးနဲ့ဆီသက်ပါ။ 
  • ပြီးပါက နနွင်း၊အရောင်တင်ထည့်ပြီးလျှင် ငါးခြောက်နဲ့ မနူးလွယ်တဲ့ အသီးနှံများထည့်လုံးပါ။ 
  • အတော်အသင့်နွမ်းလာပါကပဲထဲ့ ရေ ၃ဖန်ခွက်လောက်ထဲ့ပြီးပွက်ပွက်ဆူအောင်တည်ပါ။ 
  • အသီးနှံများနူးခါနီးပြီဆိုရင် ချန်ထားတဲ့ အသီးကိုထပ်ထဲ့ပြီး အားလုံးနူးပြီးရေအနေတော်ဖြစ်ပါက ဆား၊ငံပြာရည်၊ ဟင်းချိုမှုန်၊မကျည်းရေ ထည့်၊အပေါ့အငံစိတ်ကြိုက်ရပါက ပျဉ်းတော်သိမ်နဲ့မဆလာ ခတ်ပြီး သုံးဆောင်နိုင်ပါပြီ။
 မှတ်ချက်။ ။ အသီးအနှံကို ကြိုက်တဲ့အသီးအနှံထပ်ထဲ့နိုင်ပါတယ်။
             အလွယ်ပြောရရင် အိမ်မှာဟိုနည်းနည်းဒီနည်းနည်း ကျန်တာလေးတွေလည်းထဲ့ချက်နိုင်ပါတယ်။
             သီးစုံကုလားဟင်းကို ဘာလချောင်ကြော်၊ငပိကြော် တို့နဲ့တွဲစားရင်ပိုခံတွင်းတွေ့စေပါတယ်။

Aug 8, 2012


                                             အမဲလျှာကင်တုန်းချက်

 ဒီဟင်းကိုတော့ကြားဖူးသူနည်းလိမ့်မယ်ထင်ပါတယ်။ ကျမတို့အမေနယ်ဘက်ကချက်စားလေ့ရှိတဲ့ဟင်းလေးပါ။ ကင်ပြီးချက်ထားတာမို့ မီးကင်းနံ့သင်းသင်းလေးနဲ့ တမျိုးခံတွင်းတွေ့စေမယ့် ဟင်းလေးတခွက်ပါပဲ။ စားနေကျတွေရိုးလို့ အသစ်အဆန်းလေးတွေစားချင်သူတွေ အတွက်ဟင်းချက်နည်းလေး ပြောပြပေးလိုက်ပါရစေနော်။

ပါဝင်တဲ့ပစ္စည်းများ

 အမဲလျှာ          ၁ချောင်း
 ကြက်သွန်နီ       ၁လုံး
 ကြက်သွန်ဖြူ      ၂မွှာ
 ခရမ်းချဉ်သီး       ၂လုံး
 ဆီ                ၃ဇွန်း
 ဆား            အနည်းငယ်
 အချိုမှုန်         အနည်းငယ်
 ငံပြာရည်         အနည်းငယ်
 အရောင်တင်မှုန်     အနည်းငယ်
 ငရုပ်သီးစိမ်း          ၅တောင့်
 ရှမ်းနံနံ                ၃ရွက်

 ဟင်းချက်နည်း

  1. အမဲလျှာကိုမီးသွေးမီး <သို့> ဂတ်စ်မီးဖြင့် ရဲလာအောင်ကင်ပြီးအရွယ်တော်တုန်းထားပါ။
  2. ကြက်သွန်ဖြူ၊နီ၊ခရမ်းချဉ်သီးကို နုပ်နုပ်လှီးပြီး၊ ချက်မယ့်အိုးထဲ ဆီထဲ့ကာ ပူလာပါက အားလုံးထဲ့ပြီး ကြေအောင်ဆီသက်ပါ။
  3. ရေကုန်ပါက အရောင်တင်မှုန်ထဲ့၊တုန်းထားတဲ့အမဲလျှာထဲ့ မွေပြီးလျှင် ရေအနည်းငယ်ချင်း ထဲ့ပြီးမီးအေးအေးနဲ့ အသားနူးတဲ့အထိတည်ပေးပါ။
  4. နူးအိလာပါက ဆား၊အချိုမှုန်၊ငံပြားရည် လိုသလိုထဲ့ကာ ငရုပ်သီးစိမ်း၊ရှမ်းနံနံ အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။
မှတ်ချက်- လျှာနေရာမှာ အသားကိုကင်ပြီးလည်းချက်စားနိုင်ပါတယ်။အားလုံးပဲ ဟင်းချက်နည်းတမျိုး တိုးလို့ ခံတွင်းမိန်မိန် စားနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်။     ။

Jul 18, 2012

ငါးငရုပ်သီးကြော်နှပ်

ငါးငရုပ်သီးကြော်နှပ်

တခါတလေဟင်းတွေစားရတာများလို့ ညည်းငွေ့ လာရင် အခြောက်ကြော်ထားတဲ့ ဟင်း ရှင်းရှင်းလေး တွေစားရတာကလည်း တမျိုးခံတွင်းတွေ့ စေပါတယ်။
လုပ်ရတာလည်းလွယ်ကူတာမို့ ဘာစားရမှန်း မသိတဲ့အခါ မျိုးမှာ လုပ်စားရင် ထမင်းမိန်မှာ သေချာပါတယ်။








ပါဝင်တဲ့ပစ္စည်း
ငါး                             ၃၀သား
ကြက်သွန်နီကြီး         ၂လုံး
ကြက်သွန်ဖြူ             ၅မွှာ
ငရုပ်ခွဲကြမ်း            ဇွန်းကြီး၁ဇွန်း
ဆီ                           ၃၀သား
ဆား                         အနည်းငယ်
အချိုမှုန်                  အနည်းငယ်
ငံပြာရည်               အနည်းငယ်
နနွင်း                    အနည်းငယ်
ကော်မှုန်               အနည်းငယ်


ပြင်ဆင်နည်း

  1. ငါးကို အရွယ်တော်တုန်းပြီး ဆား၊နနွင်း၊အချိုမှုန် တို့နဲ့နယ်ပြီး ၁၅မိနစ်လောက်နှပ်ထားပါ။
  2. ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီဖြင့် ရဲအောင်ကြော်ပြီးဆယ်ထားပါ။
  3. ကြက်သွန်ဖြူ ပါးပါးလှီးထားပါ။
ဟင်းချက်နည်း
  1. နှပ်ထားတဲ့ငါးကိုကော်မှုန် နဲ့ကပ်ပြီး ဆီပူပူထဲမှာကျွက်နေအောင်ကြော်ပါ။
  2. အခြားဒယ်အိုး တလုံးဖြစ်ဆီ ၃ဇွန်းထဲ့ ကာပူလာပါက ကြက်သွန်ဖြူကိုမီးအေးအေးနဲ့ ကြော်ပါ။
  3. ဝါလာပါက ငရုပ်ခွဲကြမ်းထဲ့ ပြီးမွေပေးပါ။ ငရုပ်သီး ကျက်ပါက ငါးကြော်ကိုထဲ့ပြီးမွေပေးပါ။ 
  4. ပြီးလျှင်ငံပြာရည် ထဲ့ ၊ကြော်ထားပြီးသား ကြက်သွန်နီထဲ့ပြီးပါက အပေါ့အငံမြီးပြီးချလို့ရပါပြီ။
မှတ်ချက် :          ငါးကိုကော်မှုန်နဲ့ကပ် ကြော်ခြင်းအားဖြင့် အပြင်ဘက်ကကျွက်ကာ၊ အေးသွားရင်လည်း                 မမာသွားပဲ စားလို့အလွန်ကောင်းပါတယ်။
                          အချဉ်ကြိုက်တတ်ရင် သံပရာသီး ညစ်စားရင်လဲ ချဉ်၊ငံ၊စပ် အရသာစုံလင်ပြီး အလွန် စားလို့ကောင်းပါတယ်။ကျမကတော့ သံပုရာသီးအခွံလည်းကြိုက်တာမို့  သေးသေးလေးတွေစိတ်ပြီး မြှုပ်စားတတ်ပါတယ်။ အားလုံးပဲ ခံတွင်းတွေ့နိုင်ကြပါစေနော်။




Jul 13, 2012

ဒံပေါက်ချက်စားကြမယ်!


ဒီတခေါက်တော့ ဝယ်စားလို့မရနိုင်တဲ့နေရာမှာရောက်နေသူများ အတွက် ဒံပေါက်ချက်နည်းလေး ပြောပြပေးပါမယ်။
ကျမအနှစ်သက်ဆုံးအစားအစာထဲမှာ ဒံပေါက်ကလဲရှေ့ဆုံးကပါတာမို့ စားချင်ပြီဆိုဖြစ်အောင်ကို ချက်စားပစ် တော့တာပါပဲ။

ဒံပေါက်ထမင်းအတွက်ကတော့ ready made အထုပ်ကိုပဲသုံးပါတယ်။

ထမင်း ရှည်အောင် ယိုးဒယားဆန် ဖြစ်ဖြစ် basamattiဆန်  <ဆီးချိုဆန်> ဖြစ်ဖြစ်  ချက်ရင်ပိုကောင်းပါတယ်။


ဒံပေါက်ကြက်သားချက်နည်း


လိုအပ်တဲ့ပစ္စည်းများ


ကြက်                       ၁ကောင်
ကြက်သွန်နီကြီး            ၂လုံး
ကြက်သွန်ဖြူ                ၃မွှာ
ဂျင်း                          လက်တသစ်
နနွင်း                          ဇွန်းသေး၁ဝက်
ကြက်သွန်ဖြူ                 ဇွန်းသေး၁ဇွန်း
အရောင်တင်ငရုပ်မှုန်       ဇွန်းကြီး၁ဇွန်း
ဆီ                             ဇွန်းကြီး၅ဇွန်း
ကရဝေးရွက်                 ၃ရွက်
သစ်ချပိုးခေါက်              ၂ခေါက်
ဆား                           ဇွန်းသေး၁ဇွန်း
သကြား                       ဇွန်းသေး၁ဇွန်း
ငံပြာရည်                      ဇွန်းသေး၁ဇွန်း
ပဲငံပြာရည် <နောက်>        ဇွန်းသေး၁ဝက်        
မဆလာ                       ဇွန်းသေး၁ဇွန်း


ပြင်ဆင်နည်း
  1. ကြက်ကို အတုံးကြီးကြီးတုံးပါ။ ထောင်းပြီးသား ဂျင်း၊ ကြက်သွန်ဖြူ၊ နနွင်း၊ အရောင်တင်ငရုပ်မှုန်၊ ဆား၊ သကြား၊ ငံပြာရည်၊ပဲငံပြာရည် တို့နဲ့ သမအောင်နယ်ပြီး နာရီဝက်ခန့် ထားပေးပါ။
  2. ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီဖြင့်နီနေ အောင်ကြော်ထားပါ။
ဟင်းချက်နည်း
  1. ချက်မယ့်အိုးထဲဆီထဲ့။ ပူလာလျှင် ကရဝေးရွက်နဲ့သစ်ချပိုးခေါက်ကို မွေးလာအောင်ကြော်ပါ။
  2. ပြီးလျှင် နယ်ထားတဲ့ကြက်ကိုထဲ့ပြီး မီးအသင့်အတင့်နဲ့ရေခန်းအောင်လုံးပါ။
  3. ကြက်သာရေကုန်ပြီဆိုမှ ရေအနည်းငယ်ဆီထဲ့ပြီးပွက်အောင်တယ်ရမယ်။
  4. နာရီဝက်ခန့်တယ်ပြီး ကြက်သားနူးအိလာပါက ကြော်ထားပြီးသား ကြက်သွန်နီထဲ့ပါ။
  5. ရေခန်းပြီးဆီပြန်လာလျှင် အပေါ့အငံလိုသလိုမြီးပြီး မဆလာအုပ်ကာချနိုင်ပါပြီ။

ကြက်သားဟင်းရပါက ဒံပေါက်ထမင်း အိုးထဲသို့ အောက်ခြေမှထဲ့ အနည်းငယ် ထပ်ပေါင်းပြီး နာရီဝက်လောက်ဆို အနံ့အရသာနဲ့ပြည့်ဆုံတဲ့ ဒံပေါက်စားလို့ရပြီပေါ့။
တွဲဖက်စားဖို့က ဘာလချောင်ကြော်လေးရယ်၊ အချဉ်လေးရယ်၊ ချဉ်ပေါင်ဟင်းချို၊ ပြီးတော့သရက်သီးအစိမ်းသနပ်နဲ့ငရုပ်သီးစိမ်းလေး ပြင်ထားဖို့လည်း သတိပေးပရစေနော်။
အားလုံးပဲ ခံတွင်းမြိန်မြိန်စားနိုင်ကြပါစေနော်။