Sep 15, 2012

သီးစုံကုလားဟင်း


တကယ်တော့ အရံဟင်းတခွက်တကယ်ကောင်းရင် အသားဟင်းဟင်းမပါရင်တောင် ထမင်းစားမိန်စေပါတယ်။ ကျမကအသီးအရွက် အရမ်းကြိုက်သူမို့ သီးစုံဟင်းလေးပါရင်ကိုနတ်သုတ်ဓာပါပဲ။ အိမ်မှာသီးစုံကုလားဟင်း ချက်တဲ့နေ့ဆို ဘာလချောင်ကြော်နဲ့ကြက်ဥကြက်သွန်နီမွေကြော်ပဲလုပ်ပေးလိုက်ပါတယ်။  ကဲ သီးစုံဟင်းလေးချက်ကြည့်လိုက်ကြရအောင်နော်။

 ပါဝင်တဲ့ပစ္စည်း
ကုလားပဲ ၁၀၀ဂရမ်                ငါးခြောက် ၁မြောင်း
ဒန့်သလွန်သီး ၃တောင့်             ဘူးသီး ၁စိတ်
ခရမ်းသီး ၂လုံး ပဲသီး ၁စီး           မုန်လာဥဖြူသေး ၂လုံး
အာလူး ၃လုံး                        ဆား ဇွန်းကြီး၁ဇွန်း
ငံပြာရည် ဇွန်းကြီး၁ဇွန်း              ဟင်းချိုမှုန် ဇွန်းသေး၁ဇွန်း
မဆလာ ဇွန်းသေး၁ဇွန်း               နနွင်း ဇွန်းသေး၁ဝက်
ငရုပ်အရောင်တင် ဇွန်းသေး၁ဇွန်း      ကရဝေးရွက် ၂ရွက်
ပျဉ်းတော်သိမ် ၁၀ရွက်                ဆီ ဇွန်းကြီး ၃ဇွန်း
ဂျင်း လက်တသစ်                    ကြက်သွန်ဖြူ ၂မွှာ
မကျည်းမှည့် အနည်းငယ်

ဟင်းချက်နည်း

  • ပဲကိုတညရေစိမ်ပြီးနူးအောင်ပြုပ်ပါ။ 
  • အသီးအနှံများကို အရွယ်တော်လှီး ပါ။ 
  • မကျည်းမှည့် အရေဖျော်ထားပါ။ 
  • အိုးထဲကို ဆီထဲ့ပြီးပါ ကရဝေးရွက်၊ဂျင်း၊ကြက်သွန်ဖြူ ထောင်းထားတာကို ထည့်ပြီး မီးအေးအေးနဲ့ဆီသက်ပါ။ 
  • ပြီးပါက နနွင်း၊အရောင်တင်ထည့်ပြီးလျှင် ငါးခြောက်နဲ့ မနူးလွယ်တဲ့ အသီးနှံများထည့်လုံးပါ။ 
  • အတော်အသင့်နွမ်းလာပါကပဲထဲ့ ရေ ၃ဖန်ခွက်လောက်ထဲ့ပြီးပွက်ပွက်ဆူအောင်တည်ပါ။ 
  • အသီးနှံများနူးခါနီးပြီဆိုရင် ချန်ထားတဲ့ အသီးကိုထပ်ထဲ့ပြီး အားလုံးနူးပြီးရေအနေတော်ဖြစ်ပါက ဆား၊ငံပြာရည်၊ ဟင်းချိုမှုန်၊မကျည်းရေ ထည့်၊အပေါ့အငံစိတ်ကြိုက်ရပါက ပျဉ်းတော်သိမ်နဲ့မဆလာ ခတ်ပြီး သုံးဆောင်နိုင်ပါပြီ။
 မှတ်ချက်။ ။ အသီးအနှံကို ကြိုက်တဲ့အသီးအနှံထပ်ထဲ့နိုင်ပါတယ်။
             အလွယ်ပြောရရင် အိမ်မှာဟိုနည်းနည်းဒီနည်းနည်း ကျန်တာလေးတွေလည်းထဲ့ချက်နိုင်ပါတယ်။
             သီးစုံကုလားဟင်းကို ဘာလချောင်ကြော်၊ငပိကြော် တို့နဲ့တွဲစားရင်ပိုခံတွင်းတွေ့စေပါတယ်။

Aug 8, 2012


                                             အမဲလျှာကင်တုန်းချက်

 ဒီဟင်းကိုတော့ကြားဖူးသူနည်းလိမ့်မယ်ထင်ပါတယ်။ ကျမတို့အမေနယ်ဘက်ကချက်စားလေ့ရှိတဲ့ဟင်းလေးပါ။ ကင်ပြီးချက်ထားတာမို့ မီးကင်းနံ့သင်းသင်းလေးနဲ့ တမျိုးခံတွင်းတွေ့စေမယ့် ဟင်းလေးတခွက်ပါပဲ။ စားနေကျတွေရိုးလို့ အသစ်အဆန်းလေးတွေစားချင်သူတွေ အတွက်ဟင်းချက်နည်းလေး ပြောပြပေးလိုက်ပါရစေနော်။

ပါဝင်တဲ့ပစ္စည်းများ

 အမဲလျှာ          ၁ချောင်း
 ကြက်သွန်နီ       ၁လုံး
 ကြက်သွန်ဖြူ      ၂မွှာ
 ခရမ်းချဉ်သီး       ၂လုံး
 ဆီ                ၃ဇွန်း
 ဆား            အနည်းငယ်
 အချိုမှုန်         အနည်းငယ်
 ငံပြာရည်         အနည်းငယ်
 အရောင်တင်မှုန်     အနည်းငယ်
 ငရုပ်သီးစိမ်း          ၅တောင့်
 ရှမ်းနံနံ                ၃ရွက်

 ဟင်းချက်နည်း

  1. အမဲလျှာကိုမီးသွေးမီး <သို့> ဂတ်စ်မီးဖြင့် ရဲလာအောင်ကင်ပြီးအရွယ်တော်တုန်းထားပါ။
  2. ကြက်သွန်ဖြူ၊နီ၊ခရမ်းချဉ်သီးကို နုပ်နုပ်လှီးပြီး၊ ချက်မယ့်အိုးထဲ ဆီထဲ့ကာ ပူလာပါက အားလုံးထဲ့ပြီး ကြေအောင်ဆီသက်ပါ။
  3. ရေကုန်ပါက အရောင်တင်မှုန်ထဲ့၊တုန်းထားတဲ့အမဲလျှာထဲ့ မွေပြီးလျှင် ရေအနည်းငယ်ချင်း ထဲ့ပြီးမီးအေးအေးနဲ့ အသားနူးတဲ့အထိတည်ပေးပါ။
  4. နူးအိလာပါက ဆား၊အချိုမှုန်၊ငံပြားရည် လိုသလိုထဲ့ကာ ငရုပ်သီးစိမ်း၊ရှမ်းနံနံ အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။
မှတ်ချက်- လျှာနေရာမှာ အသားကိုကင်ပြီးလည်းချက်စားနိုင်ပါတယ်။အားလုံးပဲ ဟင်းချက်နည်းတမျိုး တိုးလို့ ခံတွင်းမိန်မိန် စားနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်။     ။

Jul 18, 2012

ငါးငရုပ်သီးကြော်နှပ်

ငါးငရုပ်သီးကြော်နှပ်

တခါတလေဟင်းတွေစားရတာများလို့ ညည်းငွေ့ လာရင် အခြောက်ကြော်ထားတဲ့ ဟင်း ရှင်းရှင်းလေး တွေစားရတာကလည်း တမျိုးခံတွင်းတွေ့ စေပါတယ်။
လုပ်ရတာလည်းလွယ်ကူတာမို့ ဘာစားရမှန်း မသိတဲ့အခါ မျိုးမှာ လုပ်စားရင် ထမင်းမိန်မှာ သေချာပါတယ်။








ပါဝင်တဲ့ပစ္စည်း
ငါး                             ၃၀သား
ကြက်သွန်နီကြီး         ၂လုံး
ကြက်သွန်ဖြူ             ၅မွှာ
ငရုပ်ခွဲကြမ်း            ဇွန်းကြီး၁ဇွန်း
ဆီ                           ၃၀သား
ဆား                         အနည်းငယ်
အချိုမှုန်                  အနည်းငယ်
ငံပြာရည်               အနည်းငယ်
နနွင်း                    အနည်းငယ်
ကော်မှုန်               အနည်းငယ်


ပြင်ဆင်နည်း

  1. ငါးကို အရွယ်တော်တုန်းပြီး ဆား၊နနွင်း၊အချိုမှုန် တို့နဲ့နယ်ပြီး ၁၅မိနစ်လောက်နှပ်ထားပါ။
  2. ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီဖြင့် ရဲအောင်ကြော်ပြီးဆယ်ထားပါ။
  3. ကြက်သွန်ဖြူ ပါးပါးလှီးထားပါ။
ဟင်းချက်နည်း
  1. နှပ်ထားတဲ့ငါးကိုကော်မှုန် နဲ့ကပ်ပြီး ဆီပူပူထဲမှာကျွက်နေအောင်ကြော်ပါ။
  2. အခြားဒယ်အိုး တလုံးဖြစ်ဆီ ၃ဇွန်းထဲ့ ကာပူလာပါက ကြက်သွန်ဖြူကိုမီးအေးအေးနဲ့ ကြော်ပါ။
  3. ဝါလာပါက ငရုပ်ခွဲကြမ်းထဲ့ ပြီးမွေပေးပါ။ ငရုပ်သီး ကျက်ပါက ငါးကြော်ကိုထဲ့ပြီးမွေပေးပါ။ 
  4. ပြီးလျှင်ငံပြာရည် ထဲ့ ၊ကြော်ထားပြီးသား ကြက်သွန်နီထဲ့ပြီးပါက အပေါ့အငံမြီးပြီးချလို့ရပါပြီ။
မှတ်ချက် :          ငါးကိုကော်မှုန်နဲ့ကပ် ကြော်ခြင်းအားဖြင့် အပြင်ဘက်ကကျွက်ကာ၊ အေးသွားရင်လည်း                 မမာသွားပဲ စားလို့အလွန်ကောင်းပါတယ်။
                          အချဉ်ကြိုက်တတ်ရင် သံပရာသီး ညစ်စားရင်လဲ ချဉ်၊ငံ၊စပ် အရသာစုံလင်ပြီး အလွန် စားလို့ကောင်းပါတယ်။ကျမကတော့ သံပုရာသီးအခွံလည်းကြိုက်တာမို့  သေးသေးလေးတွေစိတ်ပြီး မြှုပ်စားတတ်ပါတယ်။ အားလုံးပဲ ခံတွင်းတွေ့နိုင်ကြပါစေနော်။




Jul 13, 2012

ဒံပေါက်ချက်စားကြမယ်!


ဒီတခေါက်တော့ ဝယ်စားလို့မရနိုင်တဲ့နေရာမှာရောက်နေသူများ အတွက် ဒံပေါက်ချက်နည်းလေး ပြောပြပေးပါမယ်။
ကျမအနှစ်သက်ဆုံးအစားအစာထဲမှာ ဒံပေါက်ကလဲရှေ့ဆုံးကပါတာမို့ စားချင်ပြီဆိုဖြစ်အောင်ကို ချက်စားပစ် တော့တာပါပဲ။

ဒံပေါက်ထမင်းအတွက်ကတော့ ready made အထုပ်ကိုပဲသုံးပါတယ်။

ထမင်း ရှည်အောင် ယိုးဒယားဆန် ဖြစ်ဖြစ် basamattiဆန်  <ဆီးချိုဆန်> ဖြစ်ဖြစ်  ချက်ရင်ပိုကောင်းပါတယ်။


ဒံပေါက်ကြက်သားချက်နည်း


လိုအပ်တဲ့ပစ္စည်းများ


ကြက်                       ၁ကောင်
ကြက်သွန်နီကြီး            ၂လုံး
ကြက်သွန်ဖြူ                ၃မွှာ
ဂျင်း                          လက်တသစ်
နနွင်း                          ဇွန်းသေး၁ဝက်
ကြက်သွန်ဖြူ                 ဇွန်းသေး၁ဇွန်း
အရောင်တင်ငရုပ်မှုန်       ဇွန်းကြီး၁ဇွန်း
ဆီ                             ဇွန်းကြီး၅ဇွန်း
ကရဝေးရွက်                 ၃ရွက်
သစ်ချပိုးခေါက်              ၂ခေါက်
ဆား                           ဇွန်းသေး၁ဇွန်း
သကြား                       ဇွန်းသေး၁ဇွန်း
ငံပြာရည်                      ဇွန်းသေး၁ဇွန်း
ပဲငံပြာရည် <နောက်>        ဇွန်းသေး၁ဝက်        
မဆလာ                       ဇွန်းသေး၁ဇွန်း


ပြင်ဆင်နည်း
  1. ကြက်ကို အတုံးကြီးကြီးတုံးပါ။ ထောင်းပြီးသား ဂျင်း၊ ကြက်သွန်ဖြူ၊ နနွင်း၊ အရောင်တင်ငရုပ်မှုန်၊ ဆား၊ သကြား၊ ငံပြာရည်၊ပဲငံပြာရည် တို့နဲ့ သမအောင်နယ်ပြီး နာရီဝက်ခန့် ထားပေးပါ။
  2. ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီဖြင့်နီနေ အောင်ကြော်ထားပါ။
ဟင်းချက်နည်း
  1. ချက်မယ့်အိုးထဲဆီထဲ့။ ပူလာလျှင် ကရဝေးရွက်နဲ့သစ်ချပိုးခေါက်ကို မွေးလာအောင်ကြော်ပါ။
  2. ပြီးလျှင် နယ်ထားတဲ့ကြက်ကိုထဲ့ပြီး မီးအသင့်အတင့်နဲ့ရေခန်းအောင်လုံးပါ။
  3. ကြက်သာရေကုန်ပြီဆိုမှ ရေအနည်းငယ်ဆီထဲ့ပြီးပွက်အောင်တယ်ရမယ်။
  4. နာရီဝက်ခန့်တယ်ပြီး ကြက်သားနူးအိလာပါက ကြော်ထားပြီးသား ကြက်သွန်နီထဲ့ပါ။
  5. ရေခန်းပြီးဆီပြန်လာလျှင် အပေါ့အငံလိုသလိုမြီးပြီး မဆလာအုပ်ကာချနိုင်ပါပြီ။

ကြက်သားဟင်းရပါက ဒံပေါက်ထမင်း အိုးထဲသို့ အောက်ခြေမှထဲ့ အနည်းငယ် ထပ်ပေါင်းပြီး နာရီဝက်လောက်ဆို အနံ့အရသာနဲ့ပြည့်ဆုံတဲ့ ဒံပေါက်စားလို့ရပြီပေါ့။
တွဲဖက်စားဖို့က ဘာလချောင်ကြော်လေးရယ်၊ အချဉ်လေးရယ်၊ ချဉ်ပေါင်ဟင်းချို၊ ပြီးတော့သရက်သီးအစိမ်းသနပ်နဲ့ငရုပ်သီးစိမ်းလေး ပြင်ထားဖို့လည်း သတိပေးပရစေနော်။
အားလုံးပဲ ခံတွင်းမြိန်မြိန်စားနိုင်ကြပါစေနော်။

မပင်မပန်းပဲခန္ဓာကိုယ်အချိုးကျလှပစေမယ့်နည်း

နွေရာသီကိုရောက်လို့လာပါပြီ။ ပူလွန်းလို့အဝတ်အစားဝတ်ခါနီးရင် အေးမယ့်ဟာလေးတွေရွေးရတာကလည်းတလုပ်ပါ။ ဒီအချိန်မှာ ဆောင်းတုန်းက အနွေးထဲကြီး ဖားဖားဝတ်ပြီး လူမမြင်အောင်ဖုန်းထားတဲ့အသားအထစ်ထစ်တွေကို မှန်ထဲကြည့်ရင်း ဝိတ်ချဖို့ သတိရလာပါတယ်။ ဒါကြောင့်ထင်ပါရဲ့။အခုတလော ဂျပန်တီဗီအစီအစဉ်အတော်များများမှာ ပိန်အောင်လုပ်တဲ့နည်းတွေအတော်လေး လွှင့်နေတာသတိထားမိတော့တယ်။ မဖြစ်ခြေဘူး။ အမြန်ချမှဖြစ်တော့မယ်ဆိုပြီး တီဗီထဲပါတာလေးတွေလိုက်လုပ်ရင်း ကိုယ့်လိုပိန်ချင်သူများအတွက်ပါတဆင့်သတင်းပါးလိုက်ရပါတယ်။ ကဲ အားလုံးပဲ ခန္ဓာကိုယ်အချိုးကျပြီး အမြန်လှနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။






  ၅မိနစ်အတွင်းခါးသေးဗိုက်ချပ်နည်း

 ရေချိုးခန်းသုံး ပဝါကြီးကြီးကို ဒေါင်လိုက်အလယ်မှခေါက်ပြီး အဖျားမှနေပြီး အလိပ်ဖြစ်အောင်လုပ်ပါ။ အလိပ်မပြီအောင်ဘေး၂ဘက်ကို သရေပင်ချီထားပါ။ ပြီးလျှင် ထိုအလိပ်ကို ခါးအောက်မှာထားပြီး ကိုယ်ကိုဆန့်ပြီး ပက်လက်အနေအထားနေပါ။ လက်ကိုအပေါ်မြှောက်ထားပြီး ခြေ၂ချောင်းကို စေ့ထားပါ။ အဲ့ဒီအနေအထားအတိုင်း ၅မိနစ်နေပါ။ မလုပ်ခင်နှင့်လုပ်ပြီး တဲ့အချိန်မှာခါးအတိုင်းကို တိုင်းကြည့်ပါ။ ခါးသေးသွားတာကို တွေ့ရပါလိမ့်မယ်။ ခါးနာတာကိုလဲသက်သာစေပါတယ်။

  အသက်ပြင်းပြင်းရှူပြီးဗိုက်ချပ်စေမယ့်နည်း

ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပါ။ ဖနောင်ကိုစေ့ပြီးခြေဖဝါး၂ခုကိုခွဲထားပါ။ တင်ပဆုံကြွတ်သားကိုတောင့်ထားပါ။ ပြီးလျှင်ရင်ကိုဆန့်ပြီးအသက်၃စက္ကန့်ဝဝရှူပြီး၇စက္ကန့်ပြင်းပြင်းပြန်ရှူထုတ်ပါ။ မနက်အိပ်ရာထကို ခြောက်ကြိမ်လောက်လုပ်ပေးပါ။ အချိန်ရရင်ရသလိုလုပ်ပေးခြင်းဖြင့် မြန်မြန်ထိရောက်တာကိုတွေ့ရပါလိမ့်မယ်။

  အောက်ပိုင်းကျစ်လစ်အောင်လုပ်နည်း

 ဒီနည်းကလည်းတကူတကလုပ်စရာမလိုတဲ့နည်းလေးပါပဲ။ ထိုင်ခုံမှာထိုင်နေရင်း ဒူးနှံ့နေလိုက်ယုံပါပဲ။ အပေါ်အောက်ကိုခပ်ပြင်းပြင်းလေး လှုပ်ပေးယုံနဲ့ တဖြည်းဖြည်းကျစ်လစ်လာတာကိုလက်တွေ့ခံစားရလာလိမ့်မယ်။ သွေးအညစ်ကြေးတွေကို သန့်စင်ပေးရာလဲ ရောက်တာကြောင့် ကျန်းမားရေးအတွက်လဲ တကယ်ကောင်းပါတယ်။ မိန်းကလေးတွေလူရှေ့မှာ ဒူးနှံ့ရင်ကြည့် မကောင်းဘူးဆိုပေမယ့် လူမမြင်နိုင်တဲ့ အလုပ်စားပွဲမှာထိုင်ချိန်တို့ ကွန်ပြူတာသုံးချိန်တို့မှာလုပ်မယ်ဆိုအဆင်ပြေပါတယ်။

Nov 11, 2011

ပုဇွန်ထုပ်ဆီပြန်

ပါဝင်တဲ့ပစ္စည်းများ

ပုဇွန်ထုပ်၅ကောင်
ဆီ၄ဇွန်း
ကြက်သွန်နီ၁လုံး
ကြက်သွန်ဖြူ၂မွှာ
ခရမ်းချဉ်သီး၁လုံး
ငရုပ်စိမ်းမှုန့်ဇွန်းသေး၁ဇွန်း
နနွင်းအနည်းငယ်
ဆားအနည်းငယ်
အချိုမှုန့်အနည်းငယ်
ငံပြာရည်အနည်းငယ်
မဆလာအနည်းငယ်

ဒီတာ့ခါတော့ထမင်းဝိုင်း မပြင်ခင်မတည်းက သရေကျနိုင်တဲ့ ပုဇွန်ထုပ်ဟင်း ချက်ပြချင်ပါတယ်။ ခေါင်းပါတဲ့ပုဇွန်ထုပ်ကို ချက်စေချင်ပါတယ်။ ခေါင်းမှာပါတဲ့ ပုဇွန်ဆီနဲ့တွဲချက်မှသာ ပုဇွန်ထုပ်ဟင်းရဲ့ အရသာကိုပီပီပြင်ပြင် ရရှိနိုင်မှာပါ။ ဒီဟင်းချက်ရင်တော့ လက်နဲ့သာအားရပါးရ နယ်ဖက်စားလိုက်ပါနော်။

ဟင်းချက်နည်း

  • ပုဇွန်ထုပ်ကိုကျောခွဲပြီး အညစ်အကြေးထုတ်ထားပါ။ ပြီးလျှင် ဆား၊နနွင်း၊အချိုမှုန့်၊ငံပြာရည် တို့နဲ့ နယ်ထားပါ။
  • ချက်မယ့်အိုးထဲဆီထည့်၊ ပူလာရင် မဆလာထည့်၊ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူ၊နီ၊ခရမ်းချဉ်သီး တို့ကိုထည့်ပြီး ဆီသက်ပါ။နွမ်းစပြုလာရင်ငရုပ်စိမ်းမှုန့်ထည့်ဆီသက်ပါ။
  • ထိုနောက် ရေနည်းနည်းချင်းထည့်ကာ အနှစ်ကြေတဲ့အထိတည်ပါ။
  • အနှစ်ကြေပါကပုဇွန်ထည့် ပြီးလုံးပါ။ တဘက်ကျက်လျှင်တဘက်ကိုအသာလှန်ပေးပါ။
  • ရေကိုနည်းနည်းချင်းထည့်ပြီးကျက်တဲ့အထိတည်ပါ။ ချခါနည်းမှာအပေါ့အငံမြည်းကာ ခရုဆီရှိပါက အနည်းငယ်ထည့်ပေးပါက ပုဇွန်ထုပ်ဟင်းကို ပိုမိုအရသာရှိစေပါတယ်။ ဒါဆိုရင်တော့ အနံ့ရရုံနဲ့ သရေကျနိုင်မယ့် ပုဇွန်ထုပ်ဟင်းရပြီပေါ့။

Nov 9, 2011

အစာပြေမုန့်လုပ်စားကြမလား?

အဝေးရောက်နေတဲ့အခါ မြန်မာမုန့်ဝယ်စားဖို့အလွန်ခက်ပါတယ်။ စားချင်ရင်တော့ ကိုယ့်ဘာသာ လုပ်စားမှပဲရပါတယ်။ ဒီစာမျက်နှာမှာတော့ ကျမစားချင်လွန်းလို့စမ်းလုပ်ကြည့်ရင်းကနေ ဖြစ်သွားတဲ့ မုန့်လုပ်နည်းလေးတွေကို ဖေါ်ပြပေးသွားပါမယ်။ အားလုံးပဲ အာသာပြေနိုင်ကြပါစေနော်။

ဆီထမင်းထိုးနည်း

ပါဝင်တဲ့ပစ္စည်းတွေက
ကောက်ညင်းဆန် ၂ဘူး
ကြက်သွန်နီ၂လုံး
ဂျင်းအနည်းငယ်
ဆီ၅ဇွန်း
နနွင်းအနည်းငယ်
ဆား၁ဇွန်း
ပြုလုပ်နည်း

  • ဒယ်အိုးထဲကို ဆီထည့်ပြီး ကြက်သွန်နီ၁လုံးပါးပါးလှီးထားတာကိုထည့်ကြော်ပါ။ အရောင်ရဲလာလျှင်ဆယ်ထားပါ။
  • ပါးပါးလှီးထားတဲ့ဂျင်း၊နနွင်းထည့်ကျန်တဲ့ကြက်သွန်နီထည့်ပြီးဆီသက်ပါ။
  • ပြီးလျှင် ရေဆေးပြီးစစ်ထားတဲ့ကောက်ညင်းဆန်ကို ထည့်လုံးပါ။
  • ရေကိုကောက်ညင်းအပေါ်မှလက်၂သစ်လောက်ထိထည့်ပြီးအဖုန်းအုပ်ကာ မီးအလယ်အလက်နဲ့တည်ပါ။
  • ပွက်လာလျှင်ဆားထည့်ပပါ။ရံဖန်ရံခါအဖုန်းဖွင့်ပြီး အထပ်အောက်မွေပေးပါ။
  • ရေခန်းစပြုလာရင်မီး ကိုအနည်းဆုံးထားလိုက်ပါ။၅မိနစ်၁ကြိမ်လောက်အိုးကို လှည့်ပြီးနေရာပြောင်းပေးပါ။
  • မနပ်သေးဘူးထင်ပါကရေနွေးနည်းနည်းဆီထည့်ပေးနိုင်ပါတယ်။
  • ကောက်ညင်းနပ်ပါကဇွန်းနဲ့ဒယ်အိုးအောက်ခြေကိုလှန်ကြည့်ပြီး ဂျိုးအနေအထားအသင့်အတင့်ရပြီ ဆိုပါကမီးပိတ်လို့ရပါပြီ။
(ဆီထမင်းကို ပဲပြုပ်၊ကြက်သွန်အနီကြော်၊ငါးကြော်၊ငါးခြောက်ဖုတ်တို့နဲ့တွဲဖက်စားရင် အလွန်အရသာရှိပါတယ်။)